ဆီပင်ကုန်းရွာရှိ သူကြီးဦးဘပုသည် သူ၏ပြောင်မြောက်လှသောအပြောအဆို
အတွေးအခေါ်များကြောင့်အထူးပင်ကျော်ကြားလှ၏။ရပ်ကျိုး ရပ်ကျိုး ရွာများကို
ကမကထ လုပ်ရာ၌လည်း အလွန်ပင်စိတ်ထက်သန်သူဖြစ်ရလေကားသူ၏
နောက်ကွယ်တွင် လူအများက ပါလေရာဘပုဟု အမည်နာမ သမုတ်ထားကြ၏။
လမ်းမှာတွေ့၍သူ့ရှေ့ဖြတ်လျှေက်လျှင်ခေါင်းငုတ်ပြီးလျှေက်မှကျေနပ်၏။
ယခုအချိန်သည်ပွင့်လင်းရာသီမို့ ခရီးသွားများလည်း များပြားရပေကား
ရွာထဲသို့ဝင်လိုက်ထွက်လိုက်ဧည့်သည်များနှင့်ဆီပင်ကုန်းရွာတွင် စည်ကား
နေတတ်၏။တန်ဆောင်တိုင် ပွဲတော်ကျင်းပရန်ရက်နီးနေပြီမို့ရက်နီးနေပြီမို့
ရပ်နီးရပ်ဝေးမှ ဧည့်သည်များရွာထဲတွင် တစ်အိမ်တက်တစ်အိမ်ဆင်း
ခြေချင်းလိမ်နေတတ်ကြ၏။ထိုအချိန်မျိုးတွင် သူကြီးဘပုသည် ပြောင်ပြီးသား
နဖူးကြီးကို အုန်းဆီသပ်ကာ စက်ရှင်မင်းကြီးသဖွယ်ဂိုက်ဖမ်းနေတတ်၏။
နဖူးပေါ်နေပျောက်များကျရောက်လျှင်ဘုရားဌာပနာများ မြှုပ်ထားသလို
ပြောင်ဝင်းနေတတ်သည်မှာသူကြီးဘပု၏ ထူးခြားသောအမူအရာမျှသာတည်း။
တစ်နေ့သောမှောင်ရီပျိုးစချိနသူကြီးဘပုအိမ်၌လူအများစတုဒီသာမဏ္ဍပ်သဖွယ်
်
စည်ကားနေ၍စပ်စုလိုသောကျွန်ုပ်ဆန္ဒကြောင့်အနားသို့မရောင်မလည်
ရောက်သွားလေသည်။ဧည့်စာရင်းများတိုင်နေကြတာတွေ့ရ၏။
ဒါမျိုးကတော့ သူကြီးအကြိုက်ပဲ။ဧည့်သည်များလေဝါးရလေပဲလေ။
ကွမ်းယာပြောတာပါ။ဧည့်စာရင်းပုံစံရောင်းရတာလည်းပါတာပေါ့လေ။
ထိုစဉ်သူကြီးစကားသံကြားလိုက် ရ၏။
သူကြီး။ ။မင်းကဘာ ကိစ္စလည်း။
ရွာသား။ ။ဧည့်စာရင်းတိုင်ချင်လို့ပါ ခင်ဗျား။
သူကြီး။ ။နာမည်ပြော။
ရွာသား ။ကိုပုပါ ခင်ဗျား။
သူကြီး။ ။ဟေ့ကောင် !မင်းနာမည်ငါသိတယ်။ မင်းအမေကငါ့ကိုမရတာနဲ့ငါ့နာမည်
ကို အဖျားဆွတ်ပြီး လုပ်ထားတာ ငါသိတာပေါ့။
(အရေးထဲသူကြီးက ဝင်မြည်းနေသေးသည်။ ငယ်ငယ်ကတော့ ခေသူမဟုတ်မှန်း
ချက်ချင်းသဘောပေါက်လိုက်မိ၏။ )
ရွာသား။ ။ကူးမား ပါ။
သူကြီး။ ။ကုလား လား။
ရွာသား။ ။မဟုတ်ပါဘူး။ သူ ငယ်ငယ်တုန်းက ကားစီးရင် အရမ်းမူးတတ်လို့
ကားမူးလို့ ခေါ်ရင်း ကူးမား ဖြစ်လာတာပါ။
သူကြီး။ ။အသက်ပြော။
ရွာသား။ ။အသက်က ၃၃၊အရပ်ရှည်တယ်၊ အသားမဲတယ် ၊သွားခေါတယ်၊
ထိပ်ပြောင်တယ်၊ ဗိုက်ပူတယ်၊ အရက်ကြိုက်တယ်၊မျက်စိစွေတယ်။
သူကြီး။ ။(သူကြီး အမျက်ချောင်းလိုက်ထ၍) ဟေ့ကောင်! မေးတာပဲဖြေ။
မင်းကို ဟစ်ဟော့ သီချင်းဆိုခိုင်း နေတာမဟုတ်ဘူး။ခေါင်းလုပ်ဖို့မေးနေတာလည်း
မဟုတ်ဘူး။အရည်မရ ၊အဖတ်မရ ကွမ်းယာ ဝါးတာကျနေတာပဲ ဘယ်အရပ်
ကလာလည်းဆိုတာ ပြော။
ရွာသား။ ။မုတ္တက ပါ။
(ထိုအချိန်တွင် သူကြီးသည် ဖင်ကုတ် ခေါင်းကုတ် ဖြင့်အလုပ်ရှုပ်နေလေ၏။
စက္ကူအောက်ခံတွင် တခုခုရှာနေသလိုလို ၊ ဘောပင် မင်မရသလိုလို နှင့်ဟိုခြစ်၊
ဒီခြစ် လုပ်နေပြီး ပါစပ်ထဲက ကွမ်းတံထွေး ကိုလည်းခဏ၊ ခဏ ထွေးနေ၏။
အမှန်တွင် မည်သို့မျှပင် မဟုတ်။မုတ္တမကို စာလုံးဆင့် မရေးတတ်ခြင်းကြောင့်
ရွာလည်နေခြင်းဖြစ်သည်။ ထိုအခါကျီးကန်းတောင်းမှောက် ကြည့်နေရင်း
ဘုရားစင်ပေါ်တွင် မုတ္တမသွေးဆေး ပုလင်းကိုတွေ့လိုက်ရမှ သက်သာရာ
ရသွား၏။သူကြီးသည် ဟန်ကုတ်ရင်း )
သူကြီး။ ။ကိုပု ဘုရားစင် ပေါ်ကဆေးပုလင်းသွားယူချေကွာ။စာကူးချမလို့။
(သူကြီးသည်စိတ်ထဲရှိသည့်အတိုင်း ထွက်သွားမိလေသည်။)
ရွာသား။ ။ဗျာ……..။(ကိုပု သည်အံ့သြ သောမျက်လုံးများဖြင့်ကြည့်ရင်း )
(သူကြီးသည်သတိလက်လွတ်ထွက်သွားသော စကားကိုမျက်နှာသေဖြင့်
ပြန်ထိန်းရင်း )
သူကြီး။ ။ဗျာမလုပ်နဲ့ မြန်မြန်သွားယူ။ငါလည်ချောင်းယားလို့ ရေပါခပ်ခဲ့။
( ကိုပုသည်ဆေးပုလင်း ကိုယူ၍ ဘုရားသောက်တော်ရေအိုးမှ
ရေတခွက်ခပ်လာခဲ့လေသည်။သူကြီးသည် မယားသော်လည်း ယားချင်ရောင်
ဆောင်၍သွေးဆေးကို ပစ်သွင်း၍ရေဖြင့်မျှောချပြီး မုတ္တမကို စိမ်ပြေနပြေကူး
နေသည်။ ထိုနောက်သူကြီးသည် လာရင်း ကိစ္စကိုပင် မမေးတော့ပဲ အဆင်ပြေ
အောင်လိမ့်လိုက်ရင်း နှစ်ပတ်ပေးလိုက်လေသည်။အကြောင်းမှာကား မုတ္တမ၏
စာလုံးဆင့်ကျေးဇူပင် ဖြစ်ချေလိမ့်မည်။သူကြီးသည်လေးယောက် ဆက်တိုက်ရေး
လိုက်ရ၍ စားပွဲဝိုင်းမှထကာ ပုဆိုးကိုပြင်ဝတ်ရင်း ခါးကို ဘယ် ညာ ကိုင်းညွှတ်ကာ
ပြန်ထိုင်လိုက်သည်။
သူကြီး။ ။မင်းလည်း ဧည့်စာရင်းတိုင်ချင်လို့ပဲလား ။နာမည်ပြော။
ရွာသား။ ။ဟုတ်ကဲ့။ကိုသာဝင်း ပါ။
သူကြီး။ ။အသက်ရောသိလား။
ရွာသား။ ။အသက်က ၂၇နှစ်။ရပ်တောင်လုပ်ငန်း လုပ်ပါတယ်။
သူကြီး။ ။ရပ်တောင်တာတွေ ၊ မတ်တပ်တောင်တာတွေ မလိုချင်ဘူး။
မေးတာပဲဖြေ။ဘယ်အရပ်ကလည်း။
(သူကြီးကလည်းအလိုလိုနေရင်းစိတ်တိုနေတတ်၏။သူ့မိန်းမသွေးဆုံးပြီးကတည်း
က သိသာလွန်းလှသည်။)
ရွာသား။ ။ပခုက္ကူကပါ။
(သူကြီးသည်ပခုက္ကုကို ကြားလိုက်ရသောခဏမှာပင် မိုင်းခွဲခံရသော ငါးပမာ
နားစည်များဟိန်းထွက်ကာ ခေါင်းနပန်းကြီးသွားသည်။ဟိုလှန်ဒီလှန် ရှာဖွေရင်း
အလုပ်ရှုပ်ဟန်ဆောင်နေ၏။သလိပ်ကို မထွက်ထွက်အောင်
ဟစ်ရင်းအချိန်ဆွဲနေလေသည်။ထိုအချိန်တွင် ကံကောင်းထောက်မစွာဖြင့်
သူကြီးကတော်ပွေ့ယူလာသောသင်္ကန်းအုပ်ကိုလှမ်းမြင်လိုက်ရ၏။သူကြီး
သည်မိန်းမကိုတောင်စဉ်ရေမရ စပ်စုရင်းသင်္ကန်းအုပ်ခွံပေါ်မှ ပခုက္ကူဆိုသော
စာလုံးကိုမသိမသာ ကူးယူလိုက်လည်။သူကြီးသည်လာရင်းကိစ္စကို မေးရန်
သတိရသော်လည်း စာလုံးဆင့်ပါလာမည်စိုး၍ နှစ်ပတ်ပေး၍
လွှတ်လိုက်လေသည်။နောက်တနေ့သူကြီး အိမ်ဘက်သို့စက်ဘီးနှင့်ရောက်ရင်း
လှမ်းကြည့်လိုက်ရာ ထူးဆန်းသောဆိုင်းဘုတ်တခုအား အိမ်ရှေ့တွင်
ထောင်ထားတာတွေ့ရလေသည်။
မုတ္တမ၊ ပခုက္ကူ၊ လပွတ္တာ၊ သိန္နီး၊ခန္တီး။
အစရှိသည့် စာလုံးဆင့်နှင့်မြို့ ရွာများဧည့်စာရင်းလုံးဝ တိုင်စရာမလို
ဟုပင်ဖြစ်လေသည်။
(ရယ်မောခြင်းဖြင့် မောဟများမှကင်းဝေးကြပါစေ။)
မြတ်vision
Tuesday, December 1, 2009
ဧည့်စာရင်းလုံးဝ တိုင်စရာမလို
Sunday, November 29, 2009
ဆောင်းသခင်
Thursday, November 26, 2009
လျော့ကြိုးကုန်ချိန်
ငါလည်းပဲအသွေးအသား
အတွေးများနဲ့လူ
မြေကမ္ဘာ ခြားနေချိန်မို့
ဝေဒနာ မှည့်ခြွေချင်တာလား
ငယ်စဉ် ထုံးနှောင်ဖွဲ့လေသမျှ
သဲရေကျသို့ ပျက်ကြွေခပြီလားချစ်သူ။
အချိန်ကြာခြားပေမဲ့
တိမ်ပမာအလား မပျက်ပြယ်ခဲ့ပါဘူး
ကုဋေကုဋ္ဋာမိုင်တွေ ဝေးပေမဲ့
(ငါ့) ရင်မှာ ခိုင်လုံစွာ ဖြစ်တည်ဆဲပါ
မင်းအတွက်ဆို
အချစ်စစ်တွေနဲ့ မွမ်းမံထားခဲ့တယ်
မေတ္တာအပြည့်နဲ့ စမ်းရေလို အေးမြစေခဲ့မယ်
သစ္စာအပြည့်နဲ့ တောတောင်လိုဝန်းရံခစေမယ်
ဂရုဏာအပြည့်နဲ့ ကောင်းကင်လိုမိုးကာထားပါ့မယ်
ညှာတာမှုတွေနဲ့ အသာအယာချော့မြူပေးခဲ့ဘူးတယ်
စာနာမှုတွေနဲ့ မကြာမကြာတေးသီပေးခဲ့ဘူးတယ်။
ထိုသို့အကြောင်းစုံ မြင့်မိုရ်လူကို
ပွဲမတင့်သူပမာ ခွဲရစ်ကာဆွဲနစ်ချင်တာလား
တချိန်မှာဝေးမှာမို့ အသေအချာ
မကြေငြာ ရဲတာလား
အတွေးတွေကြားက စိတ်ထွေပြားနေမို့
တချိန်ကတို့အတူ ပျော်မြူးခဲ့တာတွေ
ကမ်းခြေနဖူးမှာ ခရုအတူလုတာတွေ
ဘုရားအစုံသွားလို့ တွားမှော်ဖူးတာတွေ
မညှာမတာမေ့ပြစ်လို့
စိတ်အသစ်နဲ့ တစခန်းရပ်ခဲ့ပြီလား ..........
ရင်မှာဖြစ်ခဲ့တာတွေ အမှန်မို့
အကြင်နာချစ်ခဲ့ တာတွေလည်း
(မင်းအတွက်) လျော့ကြိုးမကုန်စေချင်ဘူး....ချစ်သူ။
မြတ်vision
Tuesday, October 20, 2009
ကံကြွေရာ
ကြမ္မာစေရာ ယိုးဖွဲ့လို့
ဝေးရတော့မှာလား သဇင်
ပင်မြင့်သဇင်မို့ ရင်နင့်အောင်
ချစ်ရပါသော် လည်း
ချူလိုသူ သူစိမ်းရယ်က
အကြင်နာဟန် လေသွေရမ်းကာဖြင့်
အမျိုးမျိုး ကြံဆင်
ပန်းပျိုးသခင် မောင့်ခမျာတော့
ပန်းနွယ်သဇင် အဖူး၊ အငုံမရင့်မီက
နွယ်သစ်ခြုံ စီရံ ၊ဝန်းကာလို့
အခါမလင့် ကြာမြင့်စွာချစ်ခင်
တနေ့မှာ ဤအခါမျိုးဝယ်နှင့်
ကြုံရမယ် ကြိုတင်သိပေမဲ့
စေတနာတွေရင်မှာ တိုးဝေလို့
ကြိုးကုတ် အလှဆင်
အခုများဖြင့် မီးတောက်ပွေ
ရင်မှာလှိုက်ဆူလို့
ပန်းစိုက်သူ ပန်းမချူရ တဲ့လား
ပန်းစိုက်သူ နမ်းမရှူရ တဲ့ လား
မိုးမြင့်စံ ပန်းသဇင်ကိုမှ
မျိုးမြင့်မှန် မေတ္တာအနန္တာနှင့်
တစ်သက်တာ လွှမ်းခြုံ ချင်သော်ငြား
ကံခေသူ မျက်နှာမွဲတွေမို့
ကံကြွေကာ အသည်းခြေပျက်ရမယ်
မထားခဲ့နဲ့ သဇင် ။
မြတ်vision
Sunday, October 18, 2009
အိမ်ထောင်ဆိုတာဘာလဲ
သာဓု - “အိမ်ထောင်ဆိုတာဘာလဲ”
ပါပု - “အိမ်ထောင်ဆိုတာ အ၀ိုင်းခံထားရတဲ့ ရဲတိုက်နဲ့တူတယ်။ အထဲရောက်နေတဲ့
လူတွေကအပြင်ကိုထွက်ချင်တယ်။ အဲ အပြင်ကလူတွေကြတော့ အထဲဝင်ဖို့ အားခဲနေကြတယ်”
သာဓု - “လူငယ်တွေဟာ မိန်းမယူပြီးတဲ့နောက်မှ ဆင်ခြင်ဉာဏ် ပိုလာသလား”
ပါပု - “ဆင်ခြင်ဉာဏ်ရှိရင် သူတို့ မိန်းမ မယူဘူး”
သာဓု - “လူပျိုနဲ့ လူအို ဘာကွာသလဲ”
ပါပု - “လူပျိုက အိမ်အလုပ်ကို သူ့ဟာသူလုပ်တယ်၊ လူအိုကတော့ မိန်းမခိုင်းလို့ လုပ်ရတယ်”
သာဓု - “မိန်းမဆိုတာဘာလဲ”
ပါပု - “မိန်းမဆိုတာ နှင်းဆီပန်းပဲ၊ ပွင့်ချပ်တွေကို ချစ်သူ ရည်းစားတွေက ခူးသွားကြတယ်၊ သူယူတဲ့ ယောက်ျားအတွက် ဆူးပဲ ကျန်တယ်”
သာဓု - “မယားငယ်ဆိုတာ ဘာလဲ”
ပါပု - “အိမ်ခန်းထဲမှာ ထားစရာ နေရာမရှိတဲ့ အဖိုးတန် ပရိဘောဂ”
သာဓု - “မိန်းမတစ်ယောက်ထဲ ယူတဲ့စနစ်နဲ့ မိန်းမနှစ်ယောက် ယူတဲ့စနစ် ဘာကွာသလဲ”
ပါပု - “ဘာမှ အကွာဘူး၊ နှစ်ခုစလုံးမှာ မိန်းမတစ်ယောက် ပိုနေတယ်”
သာဓု - “မိုက်တွင်းနက်ပြီး မိန်းမနဲ့ ကွာရှင်းနိုင်သလား”
ပါပု - “မသိဘူး၊ ဒါပေမယ့် မိုက်တွင်းနက်ပြီး မိန်းမတွေကို တစ်ယောက်ပြီးတစ်ယောက် ကောက်ယူနိုင်တာတော့ အမှန်ပဲ”
သာဓု - “မိန်းမကိုဘာနဲ့ နှိုင်းလို့ ရမလဲ”
ပါပု - “စောင်နဲ့ ၊ ခြုံလိုက်ရင် အိုက်တယ်၊ ဖယ်လိုက်ရင် ချမ်းတယ်”
သာဓု - “အလွန်အကျွံ သတိမေ့ခြင်းဆိုတာ ဘာလဲ”
ပါပု - “နယ်ကပြန်လာတဲ့ ယောက်ျားက ရွှေဆွဲကြိုးကို မယားကြီးကိုပေးပြီး ညစ်ပတ်နေတဲ့အ၀တ်အစားကို လျှော်ဖွတ်ဖို့ မယားငယ်ကိုပေးခြင်း”
သာဓု - “အကောင်းမြင်သမားဆိုတာ ဘယ်လိုလူမျိုးလဲ”
ပါပု - “အိမ်မှာ ဆေးပေါ့လိပ်တိုကို မြင်တဲ့အခါ မိန်းမလုပ်တဲ့သူ စီးကရက် ဖြတ်လိုက်ပြီလို့ ကောက်ချက်ချတဲ့ ယောက်ျား”
သာဓု - “ယောက်ျားနဲ့ မိန်းမ သူတို့ရဲ့ပါတနာတွေကို ဘာကြောင့်လဲသလဲ”
ပါပု - “အမျိုးမျိုးခံစားချင်တဲ့အခါ ယောက်ျားဟာ မိန်းမကိုလဲတယ်၊ အဲမိန်းမကတော့ ဘာမှမခံစားရတဲ့အခါမှာ ယောက်ျားကိုလဲတယ်”
သာဓု - “မိန်းမတစ်ယောက်ဟာ မိချောင်းနဲ့ အတူတူနေနိုင်သလား”
ပါပု - “မိချောင်းမှာ ပိုက်ဆံရှိရင်နေမှာပေါ့”
သာဓု - “ငွေသာ ပဓာနဆိုတာ အမှန်ပဲလား”
ပါပု - “မဟုတ်ဘူး၊ အဲဒီငွေရဲ့ အရေအတွက်ကသာ ပဓာန”
သာဓု - “ဘယ်အရာက မိန်းမတစ်ယောက်ကို အလှတိုးစေသလဲ”
ပါပု - “ယောက်ျားတစ်ယောက်ရဲ့ အစာအိမ်ထဲက ၀ီစကီနှစ်ခွက်”
သာဓု - “ယောက်ျားတစ်ယောက်ဟာ ဘယ်အချိန်မှာ အင်အားချိနဲ့တဲ့ သဘောကို ခံစားရသလဲ”
ပါပု - “မိန်းမချောတစ်ယောက်က ရှင်အင်မတန်တော်တဲ့ လူပါလားလို့ ချီးကျုးတဲ့အခါမှာ”
သာဓု - “ယောက်ျား ယူတဲ့မိန်းမတစ်ယောက်ရဲ့ လုပ်ရပ်ကိုဘယ်လို အကဲဖြတ်နိုင်သလဲ”
ပါပု - “ယောက်ျားအများကြီးရဲ့ အာရုံစိုက်မှုကို ခံရတဲ့ဘ၀ကို ယောက်ျားတစ်ယောက်ထဲရဲ့ အာရုံစိုက်မှုကိုခံရတဲ့ဘ၀နဲ့ လဲလိုက်ခြင်းပဲပေါ့”
သာဓု - “မိန်းမတစ်ယောက်ရဲ့ ချို့ယွင်းချက် မှန်သမျှကို သိအောင် ဘယ်လိုရမလဲ”
ပါပု - “သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းရှေ့မှာသူ့ကို ချီးမွမ်းကြည့်”
သာဓု - “မိန်းမဖြစ်တဲ့သူကို အံ့သြအောင် ဘာလုပ်ရမလဲ”
ပါပု - “သူ တစ်ချိန်လုံးပူဆာနေတဲ့ စိန်နားကပ်အစား လက်ကိုင်ပ၀ါတစ်ထည် ၀ယ်ပေးလိုက်”
သာဓု - “မိန်းမဟာ ဓားပြထက်ပိုကြောက်စရာ ကောင်းတယ်လို့ ပြောကြတယ်၊ ဘာကြောင့်လဲ”
ပါပု - “ဓားပြဟာ ပိုက်ဆံအိတ်ကိုပေးမလား၊ ဒါမှမဟုတ် ဘ၀ကို အဆုံးခံမလားလို့မေးတယ်၊မိန်းမကတော့ နှစ်ခုစလုံးကို တောင်းတယ်”သာဓု - “ခြောက်လုံးပြူး နဲ့ စက်သေနတ် ဘာကွာသလဲ”
ပါပု - “စကားပြောနေကြတဲ့အခါမှာ ယောက်ျားနဲ့မိန်းမ ကွာသလဲလိုပဲပေါ့”
သာဓု - “ဘီယာနဲ့မိန်းမ ဘာကွာသလဲ”
ပါပု - “ဘီယာက ခင်ဗျားဘယ်အချိန် အိမ်ပြန်မလဲဆိုတာ စိတ်မပူဘူး”
သာဓု - “ရုပ်ချော၊ ဉာဏ်ကောင်း၊ ဂရုစိုက်တတ်ပြီး ပိုက်ဆံလည်း ချမ်းသာတဲ့ ယောက်ျားကို ယူချင်ရင် ဖြစ်မလား”
ပါပု - “ဖြစ်ပါတယ် ဒါပေမယ့် လင်လေးခါယူရမယ်”
သာဓု - “ ဒါနဲ့ ခင်ဗျားရဲ့ ခွေးကို ဘာဖြစ်လို့ ငထုံကြီး”လို့ နာမည်ပေးရတာလဲ”
ပါပု - “လမ်းမှာ ဒီကောင့်ကို ငထုံကြီးခေါ်လိုက်ရင် ယောက်ျားတွေ အတော်များများ လှည့်ကြည့်ကြတာ အရသာရှိလွန်းလို့”
သာဓု - “ကိုယ့်မိန်းမနဲ့စကားများကြရာမှာ ကိုယ်က အနိုင်ရတယ်ဆိုရင် ဘာလုပ်ရမလဲ“
ပါပု - “ရှင်းရှင်းလေးပဲ သူ့ကို တောင်းပန်လိုက်”
သာဓု - “ဆင်းရဲတဲ့မိန်းကလေးကို ပျော်ရွင်အောင် လုပ်နိုင်သလား”
ပါပု - “လုပ်နိုင်တယ်၊ ဒါပေမယ့် ချမ်းသာတဲ့ မိန်းကလေးကို စိတ်ဆင်းရဲအောင်လုပ်တာ ပိုကောင်းတယ်”
သာဓု - “ပညာနဲ့ အသပြာ ဘယ်ဟာကို ယူသင့်သလဲ”
ပါပု - “ကိုယ့်ဆီမှာ မလုံလောက်တာကို ယူ”
မြတ်ဗွီးရှင်း